International News

အထည်အလိပ်နှင့်ခရီးသွားကဏ္ဍများအပြင် အခြားစီးပွားရေးကဏ္ဍများကိုပါ ချဲ့ထွင်ရန် ကြိုးပမ်းနေသည့် ကမ္ဘောဒီးယားနိုင်ငံ

Last Updated:

အဝတ်အထည်နှင့် အထည်အလိပ်ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံတင်ပို့မှုအားလုံး၏ ၈၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံ GDP ၏ ၃၀ ရာခိုင်နှုန်းအထိရှိကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလုပ်သမား ၈ သိန်းကျော်အား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်သော ကဏ္ဍဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေသည်လည်း နိုင်ငံ GDP ၏ ၁၂ ရာခိုင်နှုန်းရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်၂၀၂၅ ခုနှစ်တွင်အဝတ်အထည်နှင့် အထည်အလိပ်ကဏ္ဍမဟုတ်သည့် အခြားကဏ္ဍများမှ ၁၅ ရာခိုင်နှုန်း၊ လယ်ယာ ထုတ်ကုန်ကဏ္ဍမှ ၁၂ ရာခိုင်နှုန်း ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုရီးယားကုန်ထုတ်လုပ်ငန်းရှင်ပေါင်း ၃၀၀ ကျော်ခန့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး အများစုမှာ အိတ်၊ ဖိနပ်၊ အဝတ်အထည်ထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာ၊ သစ်သီးနှင့် ပီလောပီနံဥ များပါဝင်သည့် လယ်ယာထုတ်ကုန်ကြမ်းများသာမက လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများကို ကိုရီးယားနိုင်ငံသို့ တင်ပို့လျက်ရှိပြီး အဆင့်မြင့်နည်း ပညာများဖြင့် အဆင့်မြင့်အီလက်ထရွန်းနစ်နှင့် တပ်ဆင်ပြီးကုန်စည်များ ပိုမိုထုတ်လုပ်နိုင်ရန်လည်း ကိုရီးယားနိုင်ငံသည် အရေးပါသော ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပါသည်။

ယခင်နှစ်များကတည်းက ချမှတ်ဆောင်ရွက်လျက်ရှိသော ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးမူဝါဒ ပြုပြင် ပြောင်းလဲမှုများကြောင့် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသော လုပ်ငန်းရှင်များမှာ လုပ်သာကိုင်သာရှိလာမည် ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်ထားသော ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဦးစားပေးကဏ္ဍ (၁၉) ခုတွင် အရင်းအနှီးများသော စီမံကိန်းများ လုပ်ကိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် လုပ်ငန်းရှင်များသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်များ၊ သီးခြားတန်ဖိုးလျှော့ခြင်းလုပ်ငန်းစဉ်များဖြင့် ကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုမည့် ကာလရှည်ပိုင်ဆိုင်မှုများအပေါ်ပေးအပ်မည့် အထူးတန်ဖိုးလျှော့ ထောက်ပံ့ကြေးများ၊ ကုန်စည်တင်ပို့ခြင်းဆိုင်ရာ အကောက်ခွန်ကင်းလွတ်ခွင့်များ ပေးအပ်မည် ဖြစ်ပါသည်။

ကမ္ဘောဒီးယားအစိုးရသည်အလုပ်သမားများလူနေမှုဘဝမြှင့်တင်နိုင်ရေးအတွက် ပင်စင်ဆိုင်ရာအစီအစဥ်သစ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး အလုပ်သမားဥပဒေကိုလည်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစီအစဉ်သစ်အရ အလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် အမျိုးအစားသစ်လေးခုကို မိတ်ဆက်ပေးခဲ့ရာ သက်ကြီးပင်စင်၊ မသန်စွမ်းပင်စင်၊ ကျန်ရစ်သူပင်စင်နှင့် နာရေးကူညီမှု စရိတ် စသည်တို့ပါဝင်ပါသည်။

အလုပ်သမားဥပဒေပြင်ဆင်ရာတွင် စီးပွားရေးလုပ်ငန်းများ အလုပ်ချိန်ကို အဆိုင်းသုံးဆိုင်းခွဲ၍ ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်တွင်း ပြဿနာများကို မဖြေရှင်းနိုင်ပါက တရားရုံးသို့ တင်ပြလျှောက်ထားရန်အချက်များ ပါဝင်ပါသည်။

ကမ္ဘောဒီးယားအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြင့်မားစေသည့်အပြင် ၂၀၃၀ ခုနှစ်တွင် အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံဖြစ်လာရန်နှင့် ၂၀၅၀ ခုနှစ်တွင် ဝင်ငွေမြင့် နိုင်ငံဖြစ်လာရန် အထောက်အကူပြုမည်ဟု မျှော်လင့်ထားသည်။

 

 

 

 

 

လဲ့လဲ့နှင်း(MYANTRADE)

 

Source: ASEANBriefing

https://www.aseanbriefing.com/news/the-cambodia-south-korea-free-trade-agreement-increasing-potential-for-downstream-sectors/

Category: International News